လူမှုပတ်ဝန်းကျင်အတွက် ရေရှည် အထောက်အပံ့ ဖြစ်စေသော ပံ့ပိုးမှုတစ်ခုအဖြစ် မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) အနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ လင်းကင်းကျေးရွာရှိ အိမ်ခြေ (၃၃၀)၊ လူဦးရေ (၁၂၀၀) ကျော်ခန့်အတွက် ရေရှည်သုံးစွဲရန် လိုအပ်သော သောက်သုံးရေ သန့်စင်ခြင်း နှင့် ညအချိန် လျှပ်စစ်မီး အလင်းရောင် သုံးစွဲနိုင်ရေး အလို့ငှာ ”Solar Powered Water Purification System” တစ်စုံကို လှူဒါန်းခဲ့ပါကြောင်း ဂုဏ်ယူစွာ ဖော်ပြအပ်ပါသည်။
ယခု လှူဒါန်းမှုကို MBE အသင်း၏ “ရေဘေးသင့်ဒေသများ ပြန်လည် ထူထောင်ရေး အစီအစဉ် (၂၀၂၄)” ၏ ဆဋ္ဌမမြောက် အစီအစဉ်အဖြစ် ဆောင်ရွက်ခြင်း ဖြစ်ပြီး MBE အသင်းဝင်များ နှင့် မိတ်ဖက် Unilever Myanmar ဝန်ထမ်းများ၏ စုစည်း ထည့်ဝင်မှုဖြင့် MBE အသင်းဝင် ဦးကျော်စိန်ထွန်း နှင့် Dr. ဇော်ထွဋ်တို့ ဦးစီး ဆောင်ရွက်နေသည့် Lotus Foundation ကတဆင့် အထက်ဖော်ပြပါ လင်းကင်းကျေးရွာ၊ ဘုရားငါးဆူ ကျောင်းတိုက်အတွင်း စက်ပစ္စည်းတန်ဖိုး ငွေကျပ် သိန်းခြောက်ဆယ် ကျသင့်သည့် “Unhoused System” စက်ကို စနစ်တကျ တပ်ဆင် လှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။
အဆိုပါ စက်ဖြင့် (၃၀.၁၀.၂၀၂၄) ရက်နေ့မှ ယနေ့ အထိ ကြည်လင် သန့်စင်သော သောက်သုံးရေ လီတာ (၂၁,၀၀ဝ) ကျော် ဖြန့်ဝေပေးခဲ့ပြီး ဆိုလာစွမ်းအင် ကတဆင့် သင့်တင့်သော လျှပ်စစ်မီး အသုံးပြုနိုင်အောင် စီမံဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။